ရည်စူးကုသိုလ်
အရှင်ဘုရား…..
သေဆုံးသူကိုရည်စူး၍ အလှူဒါနပြုလုပ်လျှင် ရည်စူးခံရသူ၌ မည်သို့သော အကျိုးကျေးဇူးများ ရနိုင်သည်ကို သိလိုပါသည်ဘုရား။
ဦးမောင်လှေ။အလုံမြို့နယ်။
ဒကာကြီးဦးမောင်လှရဲ့မေးခွန်းကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ လအတော်ကြာလောက်က ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကို ချက်ချင်းသတိရလိုက်မိပါတယ်။
မတော်တဆမှုတစ်ခုနဲ့ ရုတ်တရက်သေဆုံးသွားခဲ့ရတဲ့ နာမည်ကျော် အနုပညာရှင်တစ်ဦး အကြောင်းပါ။
သေပြီးနောက် သူ့အမတစ်ယောက်ရဲ့ဝမ်းမှာ ယောင်္ကျားလေးတစ်ယောက်အဖြစ်နဲ့ပဲ ပြန်ဝင်စားလို့ အရွယ်တောင် အတော်လေးရောက်နေပါပြီ။
သူ့မိခင်က သေသွားတဲ့သူ့သား သူ့မြေးအဖြစ် သူတို့ဘ၀ထဲ ပြန်ဝင်ရောက်လာတာကို
အထောက်အထားခိုင်လုံစွာ သိပါလျက် ခုချိန်ထိ သူ့သားအတွက် ရည်စူးပြီး ကုသိုလ်ပြု။ အမျှဝေနေတုန်းပါပဲတဲ့။
တကယ်တော့ သေသွားသူက လူသားတစ်ဦး ပြန်ဖြစ်နေပြီဆိုတာ အတိအကျ သိနေမှတော့
သူအတွက် ရည်စူးပြီး ကုသိုလ်ပြုအမျှပေးဝေနေစရာ မလိုတော့ပါဘူး
ပြုပေးလည်း သူ့အတွက် ဘာမှအကျိုးမပြီး အချည်းအနှီးပါပဲ။
ကုသိုလ်မပြုရဘူးလို့ မဆိုလိုပါဘူး။ ကုသိုလ်ဆိုတာကတော့ ဘာအကြောင်းကြောင့်မဆို ပြုရမှာပေါ့။
သေသူကိုပဲ ရည်စူးရည်စူး၊ ရှင်သူကိုပဲ ရည်စူးရည်စူး၊ ကုသိုလ်ဆိုတာ ပြုသင့်ပါတယ်။
ဒါပေမဲ့ သေသွားတဲ့သူက လူပြန်ဖြစ်နေပြီဆိုရင် သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို သူခံစားခွင့် မရှိတော့ဘူးလို့ ဆိုလိုပါတယ်။
လူဝင်စားက သူ့အတွက် ကုသိုလ်ပြုပေးမှန်း သိပြီး သာဓုခေါ်ရင် ကုသိုလ်တော့ရမှာပေါ့။ ကုသုလ်အကျိုးတော့ ချက်ချင်းလက်ငင်း ခံစားခွင့်မရှိပါဘူး။
ရဟန္တာပုဂ္ဂိုလ်များမှတစ်ပါး သတ္တ၀ါတစ်ဦးတစ်ယောက် သေဆုံးသွားရင် လားရောက်ရမယ့်ဘ၀ ငါးမျိုးရှိပါတယ်။
ဂတိငါးပါးပေါ့။ လူ့ဘ၀၊ နတ်ဘ၀၊ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀၊ ပြိတ္တာဘ၀ဆိုပြီးတော့ ဘ၀ငါးမျိုး တစ်မျိုးမျိုးကို လားရောက်ရပါတယ်။
ဗြဟ္မာဘ၀က နတ်ဘ၀ထဲမှာ၊ အသူရကာယ်ဘ၀က ပြိတ္တာဘ၀ထဲမှာ အကျုံးဝင်ပါတယ်။
ကုသိုလ်နဲ့သေတဲ့သူက ကုသိုလ်သတ္တိအားလျော်စွာ လူ့ဘ၀၊ နတ်ဘ၀ဆိုတဲ့ ကောင်းရာ သုဂတိဘ၀တွေကို လားရောက်ရပြီး
အကုသိုလ်နဲ့ သေတဲ့သူက အကုသိုလ်သတ္တိအားလျော်စွာ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀၊ ပြိတ္တာဘ၀ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိဘ၀တွေကို လားရောက်ရပါတယ်။
သေလွန်ပြီးတဲ့နောက်…
ကုသိုလ်အကျိုးပေးကြောင့် လူဖြစ်သွားတယ်၊ နတ်ဖြစ်သွားတယ်ဆိုရင်၊
ဒါမှမဟုတ် အကုသိုလ် အကျိုး ပေးကြောင့် ငရဲကျသွားတယ်၊ တိရစ္ဆာန်ဘ၀ဖြစ်သွားတယ်ဆိုရင်
ကျန်ရစ်သူတွေက သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့အကျိုး ကို သူလုံးဝခံစားခွင့် မရှိတော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက်ရည်စူးပြီး ကုသိုလ်ပြုနေတာကို သူလုံးဝ မသိနိုင်တော့လို့ပါပဲ။
တကယ်လို့ …
အကုသိုလ်အကျိုးပေးတစ်ခုခုကြောင့် ပြိတ္တာဘ၀ ရောက်သွားမယ်ဆိုရင်တော့
ကျန်ရစ်သူတွေက သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့အကျိုးကို အကြောင်းညီညွတ်မယ်ဆိုရင် သူအပြည့်အ၀ခံစားခွင့်ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် ရည်စူးပြီး ကုသိုလ်ပြုနေတာကို အကြောင်းညီညွတ်ရင် သူသိနိုင်လို့ပါပဲ။
ပြိတ္တဘုံဘ၀ရောက်တိုင်းလည်း ရည်စူးကုသိုလ်ရဲ့ အကျိုးကို ခံစားခွင့်ရှိတာ မဟုတ်ပါဘူး။
ထမင်းဆာလောက်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ရဲ့ နှိပ်စက်မှုဒဏ်ကို အမြဲမပြတ် ခံနေရတဲ့ “အငတ်ခံပြိတ္တာ” (ခုပ္ပိပါသိကပြိတ္တာ)။
ပူပြင်းတဲ့မီးတောင်မီးလျှံတွေရဲ့ လောက်ကျွမ်းဝါးမြိုက်မှုဒဏ်ကိုအကြားမလပ်ခံနေရတဲ့“အလောင်ခံပြိတ္တာ” (နိဇ္ဈာမတဏှိကပြိတ္တာ)
အသူရကာယ်လို့ သီးခြားခေါ်တဲ့ “အကြီးစားပြိတ္တာ” (ကာလကဉ္စိကပြိတ္တာ)တွေဟာ ....ပြိတ္တာဖြစ်ပေမဲ့ ရည်စူးကုသိုလ်ရဲ့ အကျိုးကို ဘာမှခံစားခွင့် မရှိပါဘူး။
သူတစ်ပါးတို့ပေးတဲ့ အစားအစာကို အမှီပြပြီး အသက်ရှင်နေတဲ့ “အပေးခံပြိတ္တာ”(ပရဒတ္တုပဇီဝိကပြိတ္တာ) တစ်မျိုးတည်းသာ
ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းရှိတဲ့အတွက် ရည်စူးကုသိုလ်ရဲ့အကျိုးကို ခံစားခွင့်ရှိပါတယ်။
ဒီအပေးခံပြိတ္တာမျိုးကို “ဝေမာနိကပြိတ္တာ”(ဗိမာန်ရှင်ပြိတ္တာ) လို့ အများက သိကြပါတယ်။
ရည်စူးကုသိုလ်တစ်ခုက အရည်းစူးခံပုဂ္ဂိုလ်ကို ကောင်းကျိုးပြုနိုင်ဖို့အတွက် အင်္ဂါရပ်ငါးချက်နဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။
(၁) အလှူခံပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလ စတဲ့ သူတော်ကောင်းဂုဏ်နဲ့ ပြည့်စုံသူ ဖြစ်ရမယ်၊
(၂) အလှူပေးပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီကုသိုလ်ဟာ တမလွန်ဘ၀ပြောင်းသွားတဲ့ ဘယ်သူ့အတွက်ရည်စူးပါတယ် လို့ ရည်စူးစိတ်ထား အတိအကျရှိရမယ်၊
(၃) လှူဖွယ်ပစ္စည်း အမျိုးအစား စုံလင်ရမယ်။
(၄) အလှူပေးပုဂ္ဂိုလ်က မိမိရည်စူးတဲ့ပုဂ္ဂိုလ်ကို ကုသိုလ်အမျှအတန်း ပေးဝေရမယ်၊
(၅) တမလွန်ဘ၀မှ အရည်စူးခံပုဂ္ဂိုလ်က ရည်စူးကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရမယ်၊
ဒီအင်္ဂါရပ်ငါးချက်နဲ့ ပြည့်စုံပြီဆိုရင်တော့ သာဓုခေါ်လိုက်တာနဲ့ တစ်ပြိုင်နက်
အလှူပွဲမှာ ပါဝင်လှူဒါန်းထားတဲ့ပစ္စည်းတွေနဲ့ နာမည်သာတူပြီး အမျိုးအစားအလွန်ကောင်းမွန်၊ အရေအတွက်အဆများစွား သာလွန်တဲ့ ပစ္စည်းပေါင်းများစွာကို
တမလွန်ဘ၀က အရည်စူးခံပုဂ္ဂိုလ် သေချာပေါက် ရရှိခံစားရပါတော့တယ်၊ `အမည်တူ`အမျိုးကောင်း ပစ္စည်းတွေကို အဆတိုး ခံစားရတယ်ဆိုပါတော့
“ အမည်တူ” လို့ ဆိုထားတဲ့အတွက် ဒီက အစားအစာပေးလှူပြီး အမျှဝေရင် ဟိုမှာ အစားအစာ ပြည့်စုံသွားပါတယ်။
ဒီက အ၀တ်အထည်ပေးလှူပြီး အမျှဝေရင် ဟိုမှာ အ၀တ်အထည် ပြည့်စုံသွားပါတယ်။
အစားအစာ ပေးလှူရုံနဲ့ အ၀တ်အထည်ပါ မပြည့်စုံနိုင်သလို အ၀တ်အထည်ပေးလှူရုံနဲ့ အစားအစာပါ မပြည့်စုံနိုင်ပါဘူး။
ဆွမ်းသာလှူပြီး ရေမလှူရင်တောင် အစားသာရှိပြီး ရေငတ်နေတတ်ပါတယ်။
ဒါ လှူပေးမှ ဒါ ရသွားတဲ့ သဘောရှိတာမို့ လှူဖွယ်ပစ္စည်း အမျိုးအစား စုံလင်ဖို့ သိပ်အရေးကြီးပါတယ်။
သေလွန်သူကို ရည်စူးတဲ့ အလှူပွဲတစ်ခုမှာ --
အောက်ထစ်ဆုံးအားဖြင့် စားစရာအတွက် ဆွမ်းတစ်ပန်းကန်၊ သို့မဟုတ် မုန့်တစ်ခု၊ သောက်စရာအတွက် ရေတစ်ဖန်ခွက်၊
ဝတ်ရှုံစရာ အ၀တ်အထည်အတွက် လက်သုတ်ပ၀ါတစ်ထည်၊ သို့မဟုတ် လက်ကိုင်ပ၀ါ တစ်ထည်၊
ခိုစရာ ဆောင်းစရာ အဆောက်အအုံအတွက် ထီးတစ်လက်၊ သို့မဟုတ် ယပ်တောင်တစ်ချောင်း၊
စီးနင်းသွားစရာ ယာဉ်အတွက် ဖိနပ်တစ်ရံ၊ အနည်းဆုံး လှူဖွင့်ပစ္စည်းငါးမျိုးပါဝင်ရပါမယ်။
ဒါမှ စားရေး၊ သောက်ရေး၊ ၀တ်ရေး၊ နေရေး။ သွားလာရေး အဆင်ပြေသွားမှာပါ။
ကျန်းမာရေးပါ ပြည့်စုံသွားအောင် လျက်ဆားတစ်ထုတ်လောက် ထည့်ချင်ထည့်လိုက်ပါဦး။
မိမိကို ရည်စူးပြီးပြုတဲ့ အလှူဒါနအမျှအတန်းကို သာဓုခေါ်တဲ့ ပြိတ္တာတစ်ဦးဟာ ပြိတ္တာဘ၀က ကျွတ်လွတ်ထိုက်တဲ့ ကံပါရင်
သာဓုခေါ်ပြီးတာနဲ့ တစ်ပြိုင်နက် ပြိတ္တာဘ၀က ကျွတ်လွတ်ပြီး ကံအားလျော်စွာ နတ်ပြည့်၊ လူ့ပြည် ရောက်သွားနိုင်ပါတယ်။
ကျွတ်လွတ်ထိုက်တဲ့ကံ မပါသေးဘူးဆိုရင်တော့ ပြိတ္တာဘ၀မှာပဲ ကျန်ရစ်သူလူတွေ လှူဒါန်းပေးတဲ့ ပစ္စည်းတွေနဲ့
အလားတူ အမည်တူ၊ အမျိုးကောင်း၊ အဆတိုး ပစ္စည်းတွေကို သုံးဆောင်ခံစားခွင့် ရသွားပါတယ်။
ဒီနေရာမှာ အထူးသတိပြုစရာတစ်ခုကတော့ ရည်စူးကုသိုလ်ပြုကြတဲ့ ကုသိုလ်ရှင်တွေရဲ့ စိတ်အစဉ်မှာ ပူပင်သောက ကင်းရှင်းနေဖို့ပါပဲ။
သောကတွေ၊ မျက်ရည်တွေနဲ့ ပူလောင်နေတဲ့ ရည်စူးကုသိုလ်ဟာ ရည်စူးသူထံရှောရှောရှူရှူရောက်ဖို့ သိပ်မသေချာလှပါဘူး။
တကယ်လို့ ရောက်ခဲ့ရင်လည်း အရည်အသွေး ညံ့ညံ့ပဲ ရောက်သွားမှာပါ။
ကုသိုလ်ပြုစဉ်မှာ သေလွန်သူအပေါ် စွဲလမ်းတွယ်ငြိတဲ့ သံယောဇဉ်နဲ့
စိတ်နှလုံးပူလောင်နေမယ်၊ မျက်ရည်ကျ၊ ငိုကြွေးနေမယ် ဆိုရင်
ကိုယ်ပြုတဲ့ကုသိုလ်ဟာ အရည်အသေး ညံ့ဖျင်းတဲ့ကုသိုလ်၊ အကုသိုလ်ခြံရံတဲ့ကုသိုလ်၊ ကုသိုလ်အပူပဲ ဖြစ်ပါလိမ့်မယ်။
ကိုယ်ရထားတဲ့ ကုသိုလ်ကိုပဲ သေလွန်သူထံ ပို့ပေးရတာမို့ ...
သေလွန်သူရတဲ့ ကုသိုလ်ဟာလည်း အညံ့စားကုသိုလ်၊အပေါစားကုသိုလ်၊ အပူစားကုသိုလ်ပဲ ဖြစ်နေတော့မှာပေါ့။
ရတဲ့ကုသိုလ်က ညံ့နေ၊ ပေါနေ၊ ပူလောင်နေမှတော့ ခံစားရတဲ့ အကျိုးတရားတွေကလည်း ညံ့နေ၊ ပေါနေ၊ ပူလောင်နေမှာပါပဲ။
ဒါဆိုရင် ရည်စူးကုသိုလ်ပြုရင်း ၀မ်းနည်းပူဆွေး ငိုကြွေးနေတာဟာ သေလွန်သူကို ချစ်ရာမရောက်ပဲ နှစ်ရာရောက်ပါတယ်။
ကိုယ့်မှာ ကုသိုလ်ကောင်းကောင်းရှိမှ သူတစ်ပါးကိုလည်း ကုသိုလ်ကောင်းကောင်း ပေးနိုင်မှာမို့ သေလွန်သူထံ ရည်စူးကုသိုလ် ကောင်းကောင်းပို့ပေးလိုသူတိုင်း
ကုသိုလ်ပြုနေစဉ်မှာ တွယ်ငြိစွဲလမ်း အသည်းကျွမ်းမှုတွေ၊ ၀မ်းနည်းပူဆွေး ငိုကြွေးမှုတွေ ကင်းနိုင်သမျှ ကင်းရှင်းအောက် အထူးသတိထားကြရပါမယ်။
သေလွန်သူကို ကောင်းကျိုးချမ်းသာတွေ ပြည့်စုံစေချင်တဲ့ မေတ္တာဓာတ်၊
ဆင်းရဲဒုက္ခတွေ လွတ်မြောက်စေချင်တဲ့ ကရုဏာဓာတ်၊
ကုသိုလ်ကံရဲ့ စွမ်းရည်သတ္တိကို မမှိတ်မသုတ်ယုံကြည့်တဲ့ သဒ္ဓါဓာတ်၊
ကုသိုလ်ကံကို အရည်အသွေး အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်တဲ့
ပညာဓာတ်၊ မေတ္တာ ကရုဏာ၊ သဒ္ဓါ၊ ပညာ … သူတော်ကောင်းဓါတ်တွေနဲ့ စိတ်နှလုံး အေးချမ်းစွာ ပြုတဲ့ ရည်စူး ကုသိုလ်မျိုး ဖြစ်ရပါမယ်။
အကုသိုလ်မခြံရံတဲ့ အရည်အသွေးမြင့် ကုသိုလ် အေးအေးလေးတွေကသာ
ရည်စူးသူကို ရည်စူးတဲ့ ကောင်းကျိုးချမ်းသာတွေ အပြည့်အ၀ ရရှိစေနိုင်တာမို့ သေလွန်သူကို အကောင်းဆုံးလက်ဆောင် ပေးပြီး
ကျေးဇူးပြုလို၊ ကျေးဇူးဆပ်လိုသူတိုင်း ရည်စူးကုသိုလ်ပြုနေစဉ်တစ်လျှောက်လုံး ကိုယ့်စိတ်ကိုယ် ကြည်လင်အေးချမ်းအောင် ပြုပြင်တည်ဆောင်ထားသင့်ပါတယ်။
မြတ်စွာဘုရားလက်ထက်တုန်းက သုဝဏ္ဏဘူမိဘက်ကို ရေကြောင်းခရီးကနေ အရောင်းအ၀ယ်ထွက်လာတဲ့ သာဝတ္ထိမြို့သား ကုန်သည်တစ်စု
သမုဒ္ဒရာ အလယ်မှာ လေမုန်တိုင်းဒဏ်မိပြီး ကျွန်းငယ်တစ်ကျွန်းပေါ် ဆိုက်ရောက်သွားပါတယ်။
ကျွန်းအလယ်က ဆန်းကြယ်လှပတဲ့ ဗိမာန်တစ်လုံးထဲမှာ ဆံပင်ဖားလျားချထားတဲ့ အမျိုးသမီးတစ်ယောက် ခိုအောင်းနေတာတွေ့တဲ့အတွက်
အပြင်ဘက် ထွက်လာဖို့ ကုန်သည်တစ်ယောက်က လှမ်းခေါ်လိုက်ပါတယ်။
“ နားနဲ့မနာ ဖ၀ါးနဲ့နာပါဦးရယ်၊ ကျွန်မမှာ ၀တ်စရာအ၀တ်လုံးဝ မရှိလို့ ကိုယ်တုံးလုံးဖြစ်နေပါတယ်၊
ကျွန်မတစ်ကိုယ်လုံးကို ဆံပင်တွေနဲ့ပဲ ဖုံးထားရပါတယ်ရှင်၊ ရှက်လွန်းလို့ ကျွန်မ အပြင်မထွက်ဝံ့တာ ခွတ်လွှတ်ပါနော်”
“ ဒါဆို ကျွန်တော်ပုခုံးပေါ်က ဟောဒီ အပေါ်ရုံအ၀တ် အရှင်မကို ပေးပါတယ်၊ ရော့ … ယူပါ၊ ဒီအ၀တ်ကို ၀တ်ပြီး ခဏလောက် အပြင်ထွက်ခဲ့ပါခင်ဗျာ”
“ ဦးရဲ့ ကြင်နာမှု၊ ကူညီမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ် ဦးရယ်၊
ဒါပေမဲ့ ကျွန်မတို့လို တမလွန်သူတွေက ဦးတို့လို လူတွေက ပစ္စည်းတစ်ခုခုပေးချင်ရင် အဲဒီလို တိုက်ရိုက်ကြီး ပေးလို့မရဘူးလေ ဦးရဲ့၊
ပေးတဲ့သူက ပေးလည်း ကျွန်မတို့က လုံးဝ ယူလို့မရဘူး”
“ဦးရဲ့အ၀တ် ကျွန်မကို ပေးချင်တယ်ဆိုရင် ဦးတို့ သင်္ဘောသားတွေတဲမှာ ...
ရတနာသုံးပါးနဲ့ ကံ၊ ကံရဲ့အကျိုးတရားကို လက်ခံယုံကြည်ပြီး သရဏဂုံတည်နေတဲ့ သူတော်ကောင်းတစ်ယောက် ပါလာပါတယ်။
ဦးရဲ့အ၀တ် သူ့ကိုပေးလှူခြင်းဖြင့် ဦးက ဒါနကုသိုလ် အရင်ယူထားလိုက်ပါ။
ပြီးမှ ဦးရထားတဲ့ ဒါနကုသိုလ်အဖို့ကို ကျွန်မအတွက် ရည်မှန်းပြီး အမျှအတန်းပေးဝေလိုက်ပါ။
ကျွန်မက ၀မ်းမြောက်စွာ သာဓုခေါ်ခြင်းဖြင့် လက်ခံယူလိုက်ပါ့မယ်။
ဒါဆိုရင် ဦးပေးတဲ့အ၀တ်ထက် အဆပေါင်းများစွာကောင်းပြီးအဆပေါင်းများစွား များတဲ့ အ၀တ်အထည်တွေ ကျွန်မ ရပြီပေါ့ရှင် ”
ဗိမာန်ရှင် အမျိုးသမီးလေး ညွှန်ကြားတဲ့အတိုင်း သူတော်ကောင်း သင်္ဘောသားကို ကျန်သင်္ဘောသားတွေက နံ့သာရည်တွေနဲ့ ရေချိုးပေးကြ၊
သင့်တော်တဲ့ ၀တ်စုံတစ်စုံ ၀တ်ဆင်ပေးကြ၊ အနံ့အရသာနံ့ ပြည့်စုံတဲ့ စားဖွယ်သောက်ဖွယ်တွေ ကျွေးမွေးကြပြီး ဒါနကုသိုလ်တွေ အရင်ယူထားလိုက်ကြပါတယ်။
ပီးမှ သူမကို ရည်မှန်းပြီး အမျှအတန်း ပေးဝေလိုက်ကြပါတယ်။
သူမ သာဓုခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် နတ်ပြည်က အ၀တ်အစားနဲ့ တူတဲ့ ၀တ်စရာမျိုးစုံ
နတ်ပြည့်က အစားအစာနဲ့တူတဲ့ စားစရာ မျိုးစုံ၊ ပြည့်ပြည့်စုံစုံ၊ ပိုပိုလျှံလျှံကြီး သူမ ရရှိသွားပါတယ်။
ပြိတ္တာနွယ်ဖွား တမလွန်သူ၊ တမလွန်သားတွေကို ဘာပစ္စည်းပေးပေး တိုက်ရိုက်ပေးလို့ မရပါဘူး၊
လက်နဲ့ကိုင်ပြီးပဲ ဖြစ်ဖြစ်၊ စားပွဲပေါ်၊ စင်ပေါ်၊ အုတ်ဂူပေါ် သွားတင်ပြီးပဲဖြစ်ဖြစ်၊
ပုံစံတူ ပစ္စည်းအတုတွေ၊စက္ကူတွေကို မီးရှို့ပြီးပဲဖြစ်ဖြစ် လုံးဝပေးလို့မရပါဘူး။
ပေးလို့ရတယ်လို့ ယုံကြည်ပြီး ပေးလည်း အဲဒီယုံကြည့်မှုဟာ တလွဲယုံကြည်မှု(အယူလွဲမှု) မျှသာ ဖြစ်တဲ့အတွက်
အချိန်ကုန်၊ လူပန်း၊ ငွေခန်းရုံကလွဲလို့ ဘာအကျိုးမှ မရှိပါဘူး။ ယုံတိုင်းဖြစ်တာမှမဟုတ်ဘဲ။
ဒါကြောင့် တမလွန်ရောက် ကျေးဇူးရှင်တွေကို တကယ်ကျေးဇူး ဆပ်ချင်တယ်၊
တမလွန်ရောက် ချစ်ခင်သူတွေကို တကယ် အကျိုးရစေချင်တယ်ဆိုရင် လွဲမှားတဲ့ ပေးနည်းမျိုးတွေကို ရှောင်ကြဉ်ပြီး
သူတော်ကောင်းဂုဏ်နဲ့ ပြည့်စုံတဲ့ ရဟန်းသံဃာ၊ သို့မဟုတ် လူဝတ်ကြောင်တွေကို မိမိပေးလိုရာ ပစ္စည်းများ ပေးလှူခြင်းဖြင့်
ဒါနကုသိုလ်ကို တမလွန်ရောက် ကိုယ့်ကျေးဇူးရှင်၊ ကိုယ့်ချစ်ခင်သူတွေကို အတိအကျ ရည်မှန်းပြီး အမျှအတန်း ပေးဝေလိုက်ပါ…..လို့။
အပ္ပမာဒေန သမ္မာဒေထ။
အင်တာဗျူးဂျာနယ်၊ ဖောဖော်ဝါရီ၊ ၇၊ ၂၀၀၁
သူငယ်ချင်းများသို့ အမှတ်တရဓမ္မဒါန။
ဇာလီထွန်း
ကမ္ဘာသစ်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment